Wednesday, January 30, 2013

ရှမ်းနှင့်ကယားငြိမ်းချမ်းရေးဆွေးနွေးပွဲလာရှိုးတွင်ကျင်းပ


ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ် ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲသိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
KTO at Hsi paw
ခွန်ထွန်းဦးအား သီပေါမြို့ခံများ ကြိုဆိုစဉ် (SNLD)

မေး။    ။ ဆရာတို့ ဒီနေ့ သျှမ်းပြည်မြောက်ပိုင်းမြို့တော်လားရှိုးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့အကြောင်း လေးပြောပြပေးပါလားခင်ဗျ။ ဖြေ။    ။  ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည် နယ် ပေါ့နော်။ ဒီနှစ်ခုပေါင်းရဲ့ Conference တခုဖြစ်မြောက်ဖို့ ကျနော်တို့က ကယားပြည်နယ်နဲ့ သျှမ်းပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုကိုင်အဖွဲ့အစည်းနဲ့နိုင်ငံရေးပါတီအချို့ကို ဖိတ်ကြားပြီးတော့မှ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းတာပါခင်ဗျ။

မေး။    ။ ဖွဲ့စည်းတော့ ဘယ်အဖွဲ့တွေပါပြီးဘယ်အဆင့်အထိ ဖွဲ့စည်းပြီးပြီလဲခင်ဗျ။
ဖြေ။    ။  ဖြစ်မြောက်ရေးကော်မတီအဆင့်ကတော့ ပြီးဆုံးသွားပါပြီ။ ကျနော်တို့ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ရယ်၊ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ အင်းတိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ကယန်းအမျိုးသားပါတီ၊ သျှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA  ၊ ကယန်းပြည်သစ်ပါတီ KNLP ၊ ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီဆိုပြီးတော့ အဖွဲ့အစည်း ၉ ခုတက်ရောက်ခဲ့ပါတယ်ခင်ဗျ။ အဲဒီအဖွဲ့အစည်း ၉ ခုကနေ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ကလွဲပြီးတော့ အဖွဲ့အစည်းတခု ကိုယ်စားလှယ် တစ်ယောက်စာရင်းပေးပြီးတော့ ဖြစ်မြောက် ရေးကော်မတီဖွဲ့စည်းလိုက်တယ်။ SNLD ကတော့ ကမကထပြု လုပ်မယ့်အဖွဲ့အစည်းဖြစ်တဲ့ အလျောက် ၃ ယောက် စာရင်းပေးထားပါတယ် စုစုပေါင်းကျနော်တို့ ၁၁ ယောက်ရှိပါတယ်ခင်ဗျ။ ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ၊ သျှမ်းပြည်နယ် ကယားပြည်နယ်အတွက် ဖြစ်မြောက်ရေးကော်မတီပါ။

မေး။    ။ ညီလာခံကိုရော ဘယ်တော့လောက်ဖြစ်မယ်လို့ စဉ်းစားထားလဲခင်ဗျ။
ဖြေ။    ။  ဒီနေ့ဘဲကျနော်တို့ ဆုံးဖြတ်ချက်ချပါတယ်။ မတ်လပထမပတ်မှာလုပ်ဖို့ အကြမ်းဖျဉ်းလျာထားပါတယ်။ ဒီထက်နောက်ကျရင်လဲနောက်ကျမှာပေါ့နော်။

မေး။    ။ အခုဆရာတို့အစည်းအဝေးကနေရလာတဲ့အတွေ့အကြုံအရ ဘယ်လိုအခက်အခဲရှိ ပါသလဲ ခင်ဗျ။
ဖြေ။    ။  ပထမဆုံအခက်အခဲကတော့ ရံပုံငွေအခက်အခဲပါဘဲခင်ဗျ။ ဒုတိယအချက်ကတော့ နိုင်ငံရေး ရည် မှန်းချက်။ ကျနော်တို့ နိုင်ငံရေးအတွက် ဘုံသဘောတူညီချက်ရရှိဖို့အတွက်ကို အခုတက်ရောက် လာ တဲ့ ပါတီနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့ကနေစုပေါင်းပြီးတော့မှ ငြိမ်းချမ်းရေးအတွက်ယုံကြည် မှု တည်ဆောက်မယ်လို့ ကြိုးပမ်းတဲ့နေရာမှာ အခြားပါဝင်မလာသေးတဲ့အဖွဲ့အစည်းနဲ့ ပါတီတွေ တော်တော်လေးကျန်နေပါသေးတယ်ခင်ဗျ။ အဲ့တော့ ကျနော်တို့ဖိတ်ကြားရမှာက သျှမ်းပြည်နယ်မှာရှိ တဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ၊ နောက်ပြီးတော့ပါတီအားလုံးကိုဖိတ်ကြားမှာဖြစ်တယ်။ လောလောဆယ် ဒီဖြစ်မြောက်ရေးကော်မတီ ကတော့ အလုပ်ဖြစ်မြောက်ဖို့အတွက်ဘဲရည်စူး တာကြောင့်မို့လို့ အကုန်တော့ပါမလာနိုင်သေး ဘူးပေါ့ နော်။ ဆိုတော့ ကျနော်တို့သျှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အတွင်းမှာရှိတဲ့  တိုင်းရင်းသားအချင်းချင်း ကြားမှာ ယုံကြည်မှုဘယ်လောက်တည် ဆောက်နိုင်ပြီလဲဆိုတဲ့ ကိစ္စ တော်တော်လေးအရေးကြီးပါတယ်။ ကျနော်တို့အချင်းချင်း ယုံကြည်မှုမ တည် ဆောက်နိုင်ဘဲနဲ့ အခြားသော ပြည်နယ်နဲ့ ပြည်မက တိုင်းရင်း သား တွေနဲ့ ယုံကြည်မှုတည် ဆောက်ဖို့က ခက်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ပထမဆုံးသော အခက်အခဲကတော့ ရံပုံငွေ အခက်အခဲပါ ။ ဒုတိယအချက်ကတော့ သျှမ်းပြည်နယ် ကယားပြည်နယ် အတွင်း မှာရှိတဲ့တိုင်းရင်းသား အချင်းချင်းများကြား အမှန်တကယ်တည်ရှိမယ့်ယုံကြည်မှုမျိုးကိုတည်ဆောက်ဖို့ လိုအပ်တယ်။ အဲဒီအတွက်တော့ တော်တော်လေးကြိုးပမ်းရဦးမယ်လို့ ကျနော်မြင်ထားပါတယ်ခင်ဗျ။

မေး။    ။ အရင်တုန်းက သျှမ်းပြည်နယ်အဆင့်ဘဲလုပ်မယ်လို့ ကြားထားတာရှိတယ်။ ဘာကြောင့် ကယားပြည်နယ်ပါပါရသလဲခင်ဗျ။
ဖြေ။    ။ အရင်တုန်းက သျှမ်းပြည်နယ်ဘဲလုပ်မယ်လို့ကျနော်တို့ရည်ရွယ်ထားတယ်။ ဒါပေမယ့် သျှမ်းနဲ့ကယား ဆိုတာ က ဟိုး ပဒေသရာဇ်ခေတ် အင်္ဂလိပ်ခေတ်မတိုင်မီကတည်းက အတူတကွနေလာကြတယ်လေ။ ကယားပြည်နယ် မုံးပိုင်း (မိုးဗြဲ ) လွယ်ခေါ် (လွယ်ကော်)တို့ဆိုတာက သျှမ်းနာမည်တွေဘဲလေ။ ပဒေ သရာဇ်ခေတ်တုန်းက သျှမ်းစော်ဘွားတွေသွားအုပ်ချုပ်တာလဲ ရှိမှာပေါ့လေ။ ဆိုလိုတာကတော့ သျှမ်းနဲ့ ကယားက အထူးဆက်ဆံမှုရှိနေတယ်။ သူတို့ကိုယ်တိုင်ကလဲ  သူတို့ကိုချန်မထားဘဲနဲ့ သျှမ်းပြည်နဲ့ ဆက်စပ် နေတဲ့အတွက် သျှမ်းပြည်အရေးဟာလဲ ကယားပြည်နယ်အရေးလိုဘဲ။ ကယားပြည်နယ်အရေးလဲ သျှမ်းပြည်ကခံစားရတဲ့ ဒုက္ခ သုခ နဲ့အတူ တူဘဲ အတွက်ကြောင့်မို့လို့ အတူတကွလုပ်မယ်ဆိုရင်လဲဘဲ သူတို့ဘက်က သဘောအတူနိုင်စရာ အကြောင်း မရှိဘူး ။ သူတို့ချည်းသက်သက်လဲ လုပ်ဖို့က တော်တော်လေး ကြိုးပမ်းရမယ် အခက်အခဲရှိ တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ သျှမ်းနဲ့ကယားပေါင်းပြီးမှလုပ်လိုက်တာ။

မေး။    ။ အော် ဟုတ်ကဲ့။ အဲလိုဆိုရင်ဆရာတို့ ကြုံတွေ့ရတဲ့အားသာချက်လေးက ဘာတွေရှိသလဲခင်ဗျ။
ဖြေ။    ။ အားသာချက်ကတော့ လားရှိုးမှာလုပ်တဲ့အတွက် ကိုးကန့် ၀ အစရှိအဖွဲ့အစည်းအသီးသီးက ပါလာသလို တခြား ဓနုတို့ အင်းတို့အစရှိ သျှမ်းပြည်တိုင်းရင်းသားအကုန်ပါလာတော့ လုပ်ရကိုင်ရတာ လွယ်တယ်။ သျှမ်းပြည်နယ်မှာဆိုရင်အဓိကလူမျိုးဖြစ်နေတယ်။ ဒါပေမယ့် ဓနု ကယန်းအင်း တို့မပါဘဲ နဲ့ လဲ ဒီကိစ္စ ဖြစ်လာမှာမဟုတ်ဘူးလေ။ ဆိုတော့ ကိုးကန့်လိုဟာမျိုး၊ ဓနုလိုဟာမျိုး အင်းတို့လိုဟာမျိုး ၀လိုဟာမျိုးပါလာတော့ ကျနော်တို့ ပိုပြီးတော့အားရှိလာတာပေါ့နော်။ အင်အားငယ်တဲ့အဖွဲ့အစည်း တောင် မှ ပါလာပြီဆိုတော့ အင်အားကြီးတဲ့ သျှမ်းအချင်းချင်းက ပိုပြီးတော့ စည်းလုံးဖို့ ပိုပြီးတော့ လက်တွဲ  ခိုင်မြဲဖို့လိုအပ်လာပြီဆိုတဲ့အသိတရားရလာတာဟာ အားတက်စရာတခုပါ။

မေး။    ။ လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေ ဆရာတို့လုပ်ဆောင်နေတဲ့လုပ်ငန်းအခြေအနေ အပေါ်မူတည်ပြီးတော့ ဘယ်လိုဆက်ပြီးပြောကြားလိုပါသလဲခင်ဗျ။
ဖြေ။    ။ ကျနော်တို့ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းပြီ။ ဖြစ်မြောက်ရေးကော်မတီအနေနဲ့ ဒီနေ့ဘဲ ကျနော်တို့ ထုတ်မယ့် ကြေငြာချက်မှာဆိုလို့ရှိရင် သျှမ်းပြည်တိုင်းရင်းသားများနဲ့ ကယားပြည်နယ် တိုင်းရင်းသားများရဲ့လိုအပ်ချက် အဓိက ကျနော်တို့ နိုင်ငံရဲ့မျှော်မှန်းချက်ကို ဆက်ပြီးဖော်ပြသွားဖို့ ရှိပါတယ်။ ဒါလဲဘဲ  ရေးဆွဲလို့ မပြီးသေးတဲ့အတွက်ကြောင့်မို့လို့ ဒီနေ့မဟုတ်ရင် နက်ဖြန်မှာကျနော်တို့ ကြေငြာချက်ထုတ်ပြန်ဖို့ရှိပါတယ်။ အနည်းဆုံးကတော့ ကျနော်တို့ နိုင်ငံရေး ဘုံသဘောတူညီချက် လိုဟာမျိုး ရှာဖွေတွေ့ရှိသွားပြီပေါ့နော်။ ကြေငြာချက်တောင် ထုတ်နိုင်ပြီဆိုတော့ ရှေ့လျှောက် ကျနော် တို့ လျှောက်လှမ်းမယ့်အနေအထားကတော့ ပြည်ထောင်စုတခုလုံးအတွက် တော်တော်လေးကို အကျိုးရှိရာရှိကြောင်းဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်။

No comments:

Post a Comment